Botox...အကြောင်း သိသင့်သမျှ
Botox ထိုးတယ်ဆိုတာ အလှအပနဲ့ အသားအရေ ထိန်းသိမ်းမှုကို အလေးထားလာကြတဲ့ဒီခေတ်မှာ နားမစိမ်းလောက်တော့ပါဘူး။ Botox ထိုးတဲ့အကြောင်း ကြားဖူးနေပေမယ့် botox ဆိုတာ ဘာလဲ၊ ဘာတွေ ကောင်းတာလဲ၊ အလှအပအတွက်ပဲ အသုံးဝင်တာလား၊ ဆိုးကျိုးရောရှိလား စတာတွေကို သေသေချာချာသိတဲ့သူတော့ နည်းမယ်ထင်ပါတယ်။
ဒီဆောင်းပါးမှာ botox အကြောင်းလေး သေချာပြောပြမယ်နော်။
Botox ဆိုတာ…
Botox ဟာ Botulinum toxin ကနေပြုလုပ်ထားတဲ့ ပရိုတင်းဖြစ်ပြီး Botulinum toxin ကို Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လုပ်ပေးပါတယ်။ အဲဒီဘက်တီးရီးယားဟာ မြေကြီး၊ရေကန်၊ တောထဲမှာနဲ့ နို့တိုက်သတ္တဝါတွေ၊ ငါးတွေရဲ့ အူလမ်းကြောင်းထဲမှာ သဘာအတိုင်း နေပါတယ်။
ဘက်တီးရီးယားတွေက ထုတ်လုပ်လိုက်တဲ့ သဘာဝ Botulinum toxin ဟာ အန္တရာယ်များပေမယ့် ကုသမှုအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ botox ကတော့ အန္တရာယ်မရှိသလောက် နည်းပါးပြီး Botulinum toxin ပမာဏလည်း အနည်းမျှသာ ပါဝင်တာပါ။
Botox ဟာ အာရုံကြောစနစ်အတွက် အဆိပ်အတောက်တစ်ခု ဖြစ်ပြီး ကြွက်သားတွေ ကျုံ့နိုင်ဖို့ လှုံဆော်ပေးတဲ့ အချက်ပြစနစ်ကို သူကဖျက်ဆီးပစ်ပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ပုံမှန်အားဖြင့် ကြွက်သားတွေကျုံ့နိုင်ဖို့အတွက် အာရုံကြောနဲ့ ကြွက်သားဆုံတဲ့နေရာမှာ acetylcholine လို့ခေါ်တဲ့ ပစ္စည်းကို ထုတ်လုပ်ပေးပြီး acetylcholine ကကြွက်သားဆီရောက်တဲ့အခါ ကြွက်သားကျုံ့တာ ဖြစ်လာပါတယ်။ Botox က acetylcholine မထွက်နိုင်အောင် တားလိုက်တဲ့အတွက် ကြွက်သားကျုံ့တာ တင်းတာ မဖြစ်အောင် တားဆီးပေးပါတယ်။
ဘယ်မှာသုံးသလဲ?
Botox ကို အလှအပရေးရာအတွက်သာမက ဆေးကုသမှုအတွက်လည်း သုံးကြပါတယ်။
အလှအပရေးရာအနေနဲ့ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေ၊ မျက်မှောင်ကျုံ့တဲ့နေရာက အရေးအကြောင်းတွေ၊ နဖူးပေါ်က အရေးအကြောင်းတွေ၊ smile lines လို့ခေါ်တဲ့ ရယ်လိုက်ရင်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ နှုတ်ခမ်းတစ်ဝိုက်က အရေးအကြောင်းတွေအတွက် အသုံးများပါတယ်။ မျက်ကွင်းညိုခြင်းအတွက်တော့ သိသာတဲ့ အကျိုးမရှိပါဘူး။
ဆေးကုသမှုအနေနဲ့
- လက်အကြောဆွဲတတ်တဲ့ရောဂါ ရှိသူတွေ (အသက် ၂ နှစ်အထက်မှ ထိုးပေးပါတယ်)
- မျက်စိစွေတဲ့သူတွေ ( အသက် ၁၂ အထက်မှ ထိုးပါတယ်)
- ချွေးထွက်လွန်တဲ့ရောဂါ ရှိသူတွေ
- နာတာရှည် ခေါင်းတခြမ်းကိုက်ရောဂါ ရှိသူတွေ
- Overactive bladder လို့ခေါ်တဲ့ ဆီးမကြာခဏသွားသူ၊ ဆီးမထိန်းနိုင်တဲ့သူတွေ (သောက်ဆေးကို မတုံ့ပြန်တော့တဲ့အခါ)
- Cervical dystonia လို့ခေါ်တဲ့ ခေါင်းနဲ့လည်ပင်းက ကြွက်သားတွေ အသိမဲ့တုန်ခါပြီး ခေါင်းကတစ်ဖက်ဖက်ကို စောင်းနေတတ်တဲ့ ရောဂါရှိသူတွေမှာ အသုံးပြုပါတယ်။
တရားဝင်သတ်မှတ်ထားတာမဟုတ်ပေမယ့် ထိပ်ပြောင်တာ၊ နှင်းခူရောဂါ၊ ရေယုန်ပေါက်ပြီးလို့ ထုံနေနာနေတဲ့အခါ၊ psoriasis လို့ခေါ်တဲ့ အရေပြားရောဂါ၊ ကီးလွိုက်လို့ခေါ်တဲ့ အမာရွတ်တွေလျော့အောင် စတာတွေမှာလည်း အသုံးပြုတာ ရှိပါတယ်။
ကုသချိန်ဟာ နာရီဝက်ခန့်ကြာတတ်ပြီး သေးငယ်တဲ့အပ်ကလေးကို အသုံးပြုတာကြောင့် နာကျင်မှုမရှိသလောက် နည်းပါတယ်။ ထိုးပြီး ၄-၅ ရက်အတွင်းမှာ အာနိသင်စပြတတ်ပြီး တစ်ခါထိုးထားရင် ၃လကနေ တစ်နှစ်ထိ အာနိသင်ရှိတတ်ပါတယ်။
ဆိုးကျိုးတွေ ရှိတတ်လား?
ရှိတတ်ပါတယ်။ ထိုးတဲ့နေရာပေါ်မူတည်ပြီး
- မျက်ခွံတွဲကျတာ (ယာယီ)
- မျက်စိခြောက်သွေ့တာ
- ထိုးတဲ့နေရာမှာ ယောင်လာနာလာနီလာတာ၊ ထုံနေတာ
- ခေါင်းကိုက်တာ
- ထိုးတဲ့နေရာအနီးတစ်ဝိုက်က ကြွက်သားတွေ လျော့ရဲသွားတာ
- ဆီးသွားရခက်တာ
- ဆေးနဲ့ဓာတ်မတည့်တာ
- အာရုံကြောရောဂါတွေရှိရင် ပိုဆိုးလာတာ
- နှလုံးစည်းချက်မမှန်တာ၊ နှလုံးကြွက်သားပုပ်တာ (နှလုံးရောဂါအခံရှိသူတွေ) စတဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
Botox ထိုးတာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိတာမို့ ရလာမယ့်အကျိုးရယ် ဖြစ်နိုင်တဲ့ဆိုးကျိုးရယ် ယှဥ်ထိုးဆုံးဖြတ်ပြီး တတ်ကျွမ်းတဲ့ဆရာဝန်နဲ့လည်း တိုင်ပင်ပြီး ထိုးသင့်မထိုးသင့် ဆုံးဖြတ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်